ကျွန်တော်နှင့် ခွက်ခွက်လန်မှတ်စုများ...

မှတ်စု (၁) ကျွန်တော့်မှာ အလွန်ရီ(ရယ်) စရာကောင်းတဲ့သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူ့နာမည်က ခိုင်လင်း ပါ။ သူ့ ရဲ့ ပင်ကိုယ်ပြောပုံဆိုပုံ ဟန်ပန်လေသံတွေကိုက ရီစရာကောင်းနေတာပါ။ သာမန်ကိစ္စ တစ်ခုကို သူပြောပြတဲ့ အခါရီစရာ ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ (စာဖတ်သူများလည်း အဲဒီလို အပေါင်းသင်းမျိုးနဲ့ကြုံခဲ့ကြဖူးပါလိမ့်မယ်။ ) သူဟာ အင်္ဂလိပ်စာကို သာမာန်ထက် ပိုပြီးလေ့လာလိုက်စားသူလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် သူလက်လှမ်းမှီ သလောက် စာအုပ်တွေကို ရှာဖတ်လေ့ရှိပါတယ်။ ဂျာနယ် အရောင်း ဆိုင်တွေ ရောက်တိုင်း ဘောလုံးဂျာနယ် ကိုင်ကြည့်သလိုလို၊ 7Days ပဲရှာနေသလိုလို၊ မြန်မာတိုင်းမ် ပဲဝယ်တော့ မလိုလိုနဲ့ နောက်ဆုံး ရွှေသွေး စာစောင်သာ ၀ယ်ယူလေ့ ရှိတတ်ပါတယ်။ အမြဲအဲဒီလို လုပ်တတ်တယ်။ တခါက သူနဲ့ ကျွန်တော် အင်ယားကန်နားက တံတာဖြူမှတ်တိုင်မှာ ၅၁ ဘက်စ်ကားအလာကို စောင့်ခဲ့ဖူးပါတယ်။ နေ့လည်ခင်း လိုင်းကားတွေ ကျဲပါးချိန်မို့ အတော်ကြာအောင် စောင့်ခဲ့ရတယ်။ ပထမတော့ စကားတပြောပြောနဲ့ ပြောလိုက်ရီလိုက်ပေါ့။ နောက်တော့ ပြောစရာ စကားကုန်သွားသလိုကြီးဖြစ်နေပါတယ်။ မှတ်တိုင်ထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်း လည်းဟုတ်ပါဘူး။ တဖက်အစွန်ကျကျမှာ ကောင်မလေးတစ်ယောက်လည်း ရှိတယ် ။ နောက်ပီး မှတ်တိုင် ဒေါင့်နားဆီ မှာ ခွေးတစ်ကောင်လည်းရှိတယ်။ ကြာလာတော့ သူ ကျွန်တော့်ဘေးကနေ မပြောမဆိုနဲ့ထ. သွားတယ်။ ဟိုကောင်မလေးကို တခုခု သွားနောက်လိမ့်မယ်ထင်တာ…..။ မဟုတ်ဘူးဗျာ..။ ခွေခွေလေး အိပ်နေတဲ့ ခွေးကြီးနားကိုရောက်သွားတယ်။ ပီးတော့ …….. အဲဒီ့ခွေးကြီးကို သေသေချာချာငုံ့ကြည့်ပြီး…….
“အကိုကြီး နေကောင်းလား …. ဘက်စ်ကားစောင့်နေတာလား ……’’ တဲ့။ “ဟာဘာကောင်လဲ ဟ’’
လို့ကျွန်တော် စိတ်ထဲမှာတွေးမိတယ်။ သူလုပ်လိုက်ပုံကိုကြည့်ပီးတော့ ရီလည်းရီမိတယ်။ ခွေးကြီးက အသိအမှတ်ပြုသလို တချက်မော့ကြည့်ပီး သူ့ဟာသူ ပြန်နှပ်နေတယ်။ အားလုံးကို မြင်လိုက်ကြားလိုက်ရတဲ့ ကောင်မလေးကတော့ ခေါင်းလေးငုံ့ စာအုပ်လေးကွယ်ရင်း တခိခိနဲ့ ရီနေတယ်။ နောက် သူပြန်လှည့်လာတယ် ကောင်မလေးရဲ့ရှေ့ရောက်တော့ ရပ်လိုက်တယ်…… ကောင်မလေးကို ဘလိုင်းကြီး ပြုံးပြလိုက်တယ်…….. ပြီးတော့

“အစ်မ လေး ….. ရော နေကောင်းလား ကားစောင့်နေတာပဲလား……”
“ဟာ ဟေ့ကောင်……. ကွိုင်ပဲ”

စောစောက ရယ်မောနေတဲ့ ကောင်မလေးရဲ့ အမူအရာတွေ ချက်ချင်းကြီး ပြောင်းလဲသွားတယ်လေ။ ကျွန်တော် ထ.အော်လိုက်မိတယ်။ ရီလည်းရီချင်တယ်။ အားလည်းနာတယ်။အဲဒီလိုနဲ့ ကျွန်တော်နှစ်ယောက် လှည်းတန်းဖက်သို့်လမ်းလျှောက်ပြန် ခဲ့ကြတယ်။

မှတ်စု (၂) ဒီတစ်ခါတော့ ဒဿမတန်း နှစ်က စတင်ရင်းနှီး ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက် အကြောင်းပြန်လည် ဖောက်သည်ချ ပြောပြချင်ပါတယ်။ ကျောင်းစတက်တဲ့ ပထမအပါတ် ထဲမှာ အခန်းထဲက ကျောင်း သူတစ်ယောက် ၁၅ ကျပ်တန်တစ်ရွက်ကောက်ရလို့ ဆရာမဆီ အပ်လိုက်ပါတယ်။ ဆရာမ ကြီးကလည်း ထုံးစံအတိုင်း ဘယ်သူပျောက်သလဲ၊ ဘာလဲပေါ့လေ မေးတယ်။ အထပ်ထပ် အခါမေးပေမယ့် ဘယ်သူမှ မထ. ပါဘူး ။ နောက်တော့ မှ အခန်းဒေါင့် နောက်ဆုံး အတန်းမှာထိုင်နေတဲ့ ကျောင်းသား တစ်ယောက် မတ်တပ်ထ. ရပ်တယ်။ သူ့နာမည်က အောင်အောင်ပါ။
“ ကျွန်တော့် ပိုက်ဆံပါဆရာမ”
“အော သားကလည်း စောစောက ပြောရောပေါ့ …… ဒါနဲ့ သားပိုက်ဆံမှာ ဘာအမှတ်သားပါလဲသိလား”
“၁၅ ကျပ်တန် အစိမ်းရောင်လေးပါ ဆရာမ”
တစ်တန်းလုံး ၀ိုင်းရယ်ကြတယ်။ သူကတော့ ခပ်တည်တည်ပါပဲ။ ( တစ်ကယ်တော့ သူ့ပိုက်ဆံလည်း မဟုတ်ပါဘူး) ။ အဲဒီနောက် သူနဲ့ကျွန်တော် စတင် အပေါင်းအသင်း ဖြစ်သွားတယ်။ နောက်ပိုင်း သူ့ရဲ့စရိုက်တွေ သိသိသာသာ ပေါ်လွင်လာပါတော့တယ်။တခန်းလုံးက အခန်းဖေါ် တွေဟာ သူနဲ့စကားနိုင် လုပြောဖို့ မလွယ်ပါဘူး။ တချို့ဆိုရင် သူပေးလိုက်တဲ့ နာမည်နဲ့ ယနေ့အထိ ခေါ်တွင်နေကြလေရဲ့။ သူကြောက်ရတဲ့ ဆရာမ တစ်ယောက်သာရှိပါတယ်။ သင်္ချာသင်တဲ့ ဆရာမ ဒေါ်စန်းနွဲ့ ပါ။ ဆရာမကလည်း သူ့ကိုပဲ ဦးစားပေး မေးလေ့ရှိပါတယ်။ သူပဲအမြဲ အပြစ်ပေးခံရတတ်တယ်။ ဆရာမ အပြစ်ပေး ပုံကလည်း နဲနဲတော့ ဆန်းတယ်။ လက်သီးကို အဆင်ပြေသလောက် ဆုပ်ပီး ကျောင်းသားရဲ့ မျက်နှာရှေ့ကို ဆန့်တန်းတယ်။ အဲဒါကို အပြစ်ပေးခံရ သူက နဖူးနဲ့တိုက်ရတယ်။ ထိချက်ပျော့တယ်ထင်ရင်အကြိမ်ကြိမ်တိုက်ခိုင်းတတ်ပါ တယ်။ သူမကြာခဏ ခံရတတ်ပါတယ်။ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေ အားလုံး သူနဲ့အပေါင်းအသင်း ဖြစ်သွားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဖွဲ့ဟာ တွေ့ဆုံနေကြတဲ့ အချိန်တိုင်း အမြဲတမ်းဆိုသလို ပျော်ရွှင်ရယ်မောနေရ တတ်တယ်။(ရေးရင်းနဲ့တောင်လွမ်းလာပီ)။
စာသင်ချိန်တွေ မှာတောင် ကျောင်းနံရံကျော်ပီး လ္ဘက်ရည် ဆိုင်သွားထိုင်တတ်တဲ့ အကျင့်လည်းရှိတယ်။ နောက်ဆုံး ကျောင်းအုပ်ကြီးရုံးခန်းတောင် ရောက်ခဲ့တယ်။ သူလေဆရာကြီးကို အစာအိမ်ရှိလို့ ပါလို့ပြောလာခဲ့တယ်။ သူပြောမှ ကျွန်တော်တို့ မှာလည်း အစာအိမ်ရှိမှန်း သတိရမိတော့တယ်။ တစ်နေ့ ကျွန်တော်တို့ အခန်းထဲက သူငယ်ချင်းတစ်ယောက် နာရေးရှိလို့ ကျောင်းပျက်ပါတယ်။ ဆရာမက နာမည်စာရင်း စစ်ပြီးချိန်ရောက်တော့
“ဇေယျာလင်း ဘာလို့ကျောင်းမတက်တာလဲ ခွင့်လည်းမတိုင်ဘူးဟု”
အားလုံးကို ခြုံငုံပီးမေးလိုက်ပါတယ်။ အဲဒီတော့ မှ အောင်အောင် ကပြာကယာ ထ.ပီး …
“ကျွန်တော် နဲ့လမ်းမှာတွေ့ခဲ့တယ် ဆရာမ သူ့ဦးလေးရဲ့ ယောက္ဖ ဆုံးလို့ဆိုလား အဲဒါဆရာမကို ခွင့်တိုင်ခိုင်းလိုက်တာ ကျွန်တော် မေ့သွားလို့ပါ။ ”
ဒီကိစ္စဒီ မှာတင်ပီးပီ အောက်မေ့လိုက်တာပါ။ နောက်တစ်နေ့ သူက ကျောင်းမတက်ဖူးစာတစ်စောင်သာ ကျွန်တော်တို့ထံ လူကြုံပါးလိုက်တယ်။ နံနက်ပိုင်း နှစ်ချိန်လောက်ပီးတောမှ့ အတန်းပိုင်ဆရာမကလည်း ဘယ်က သတင်းကြားလာမှန်းမသိဘူး။ အတန်းထဲကို အလောတကြီးရောက်လာပီး အောင်အောင် ဘယ်မှာလဲလို့ လာမေးတယ်။ ကျွန်တော်တို့ ကလည်း သိခဲ့ပီ်းပီမို့ ……. ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်ကြတယ်။
“ဒီကောင် နောက်စရာ မဟုတ်တာကို နောက်တယ်…… ဘယ့်နှယ့် သူ့အဖေဆုံးတယ်လို့ တိုက်ရိုက်ပြောလည်း ရတဲ့ကိစ္စ …… ဘာလို့ သူဦးလေးရဲ့ ယောက္ဖ လို့ကွေ့ပြောသွားရတာလဲနာရေးမို့လို့ သူပြောတာငါယုံလိုက်မိတာ…….. လာပေ့စေအုံးဒီကောင် … ကဲ ကဲ အားလုံး ထမင်းစားပီး ရင် အသုဘ ပို့သွားမယ်လိုက်နိုင်တဲ့သူလိုက်ခဲ့ ကြ…စားပီးကျောင်းကို စောစော ပြန်လာခဲ့ကြ”

အသုဘ အိမ်ရောက်တော့ …အောင်အောင့်ကို . လူကြီးတွေကြား မှာအပြင်အဆင်တချို့ ၀ိုင်းလုပ်ပေးနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ကတော့ ထုံးစံအတိုင်း ကပ်တိုးလေး သာ တစ်ယောက်တစ်လှည့် ဆဲလိုက်ကြတယ်။

No comments: