ကျွန်တော့်မှာ ဥပမာ ထုတ်ပြစရာ အလွန်နည်း သွားပါပြီ။ ဘာလို့လဲ 
ဆိုတော့ ဘလော့ဂါသူငယ်ချင်းတွေ အားလုံးနီးပါး ဒီကိစ္စ ဆွေးနွေး 
ခဲ့ကြပြီးဖြစ်လို့ပါ။ အဲဒါကြောင့် ကျွန်တော့်ရဲ့ တင်ပြချက်ဟာလည်း 
အားလုံးထဲက ခွဲထွက်ဖို့ မရှိပါဘူး။ ခံယူချက်တူညီတယ်လို့ပဲ
သဘောထားလိုက်ကြပေါ့။ ဟုတ်စ….။
ငှက်ပိစိလေး ကတဂ်ထားသည်မို့ ဟုတ်သော်ရှိမဟုတ်သော်ရှိ 
ရေးချရတာပ..။
ညီမလေးရေ….. တကယ်တော
့ အချစ်ဆိုတာ…. အချစ် ပါပဲ။
ခံစားမှုတွေ များစွာ များစွာ ရောပြွမ်းနေတဲ့ 
ခေါင်းစဉ် တစ်ခု ….. ဝေါဟာရ တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကဗျာ 
တစ်ပုဒ်ထဲမှာတော့ ဖတ်ဖူးခဲ့တယ် … “အချစ်ဆိုတာ ဘယ်သူမှ တူးဖေါ်လို့မရသေးတဲ့ 
ကမ္ဘာဦးက ဓါးတစ်လတ် ပါပဲ” တဲ့။ အဲဒီလို ကိုယ်စီကိုယ်စီ ဖွင့်ဆိုထားကြတဲ့အချစ်ရဲ့ 
ဒဿနပေါင်း များစွာရှိခဲ့တယ်။ အားလုံးရဲ့ အဓိပ္ပယ်ကတော့ ဒီဘူတာပဲလာဆိုက် 
ပါတယ်။ ပုထုဇဉ် လူသားတိုင်းအတွက် အချစ်ဆိုတဲ့ ခံစားမှုဟာ မရှိမဖြစ် 
မွေးရာပါကပ်တွယ်လာ ခဲ့ကြတာပဲမဟုတ်လား ။ ဆင်းရဲနေလို့၊ ချမ်းသာလို့၊ ရုပ်ဆိုးလို့၊ 
ရုပ်ချောလို့ဆိုပီး ခွဲခြမ်းစိတ်ဖြာ မခံစားခိုင်းပါဘူး။ နဲနဲ ချစ်တတ်ရင် နဲနဲ ခံစားရပါမယ်။ 
များများချစ်တတ်ရင်များများ ခံစားရပါမယ်။ လုံးဝ မချစ်တတ်တဲ့ လူတွေကတော့ 
ကြိတ်ပီးခံစားရတတ်ပါတယ်။လူပြော အလွန်များတဲ့ “ရယူပိုင်ဆိုင်ခြင်း၊
 စွန့်လွှတ်အနစ်နာခံခြင်း” ဆိုတဲ့ စကားစုအတွဲလေးကတော့ ချစ်တဲ့သူတို့နယ်ပယ်
 မှာ နေရာအရဆုံး စကားလုံး ခံစားမှုတွေပါပဲ။ အဲဒီ့အထဲကမှ တစ်ခုကိုရွေး 
ပါဆိုရင်တော့ ကျွန်တော်မရွေးရဲပါဘူး..။ အထပ်ထပ် အခါခါမေးရင်လည်း အထပ်ထပ်
အခါခါ ခေါင်းရမ်းပြပါ့မယ်။
 အချစ်စစ်စစ် ဆိုတာ
ရယူပိုင်ဆိုင်ခြင်းလည်း ဖြစ်တယ် ။
စွန့်လွှတ် အနစ်နာ ခံခြင်းလည်း ဖြစ်တယ်။
ကျွန်တော်ကတော့ အဲဒီလို ရိုးရိုးလေးပဲ မှတ်ထားလိုက်ပါတယ်။ ကျန်တာတွေ
ကတော့ ကံကြမ္မာရဲ့ အလိုအတိုင်း လိုက်ကကြရမှာပါ။ ဘာပဲဖြစ်ဖြစ် ချစ်တတ်တဲ့ 
သူတွေတိုင်း ချစ်သူအတွက် အကောင်းဆုံးလမ်းကို တွဲခေါ်ပါ (ဒါမှမဟုတ်) 
ညွှန်ပြပါ။ အရာရာကို ရင်ဆိုင်ဘို့အတွက် သတ္တိမွေးပါ။အသဲကွဲရောဂါအတွက် 
ဆေးတစ်ခွက်ပဲ ရှိပါတယ်။ တခါတရံ အသဲကွဲရတာကလည်း ပျော်စရာကောင်း
ပါတယ်။ ဂရိစကားပုံ တစ်ခုရှိတယ် (တစ်ခုမကလည်းရှိမယ်) ။ ကျွန်တော်
 မဖတ်ဖူးလို့ထည့်မရေးတော့ပါဘူး။
မပြည့်စုံတဲ့ဘဝကြီးမှာ ချစ်သူကို လက်လွှတ်ခဲ့ရဖူးပါတယ်။ အိမ်လခ၊
 သင်တန်းကြေး၊ သူငယ်ချင်းငါ့ကိုလမ်းစရိတ် ပေးအုံးကွာ ဆိုတဲ့ ဘဝထဲက
 ဘဝတွေမှာ သန်းခေါင်ယံတေး နဲ့ ပလက်ဖောင်းဘေးမှာ ကျွန်တော် အခါခါ 
ငိုခဲ့ဖူးပါတယ်။ ကျွန်တော်က ကျွန်တော့်ကို မေးခွန်းတွေ အလီလီမေးတယ် ။
 ကျွန်တော်က ကျွန်တော့်ကို အဖြေတွေ အလီလီပြန်ပေးတယ်။ နောက်ဆုံးမှာ 
ကံကြမ္မာ နဂါးဂေါင်း ကြီးကျွန်တော့်ဘက်တည့်တည့်လှည့် လာရင်း….. 
ကျွန်တော်နဲ့ကျွန်တော့်ချစ်သူ ဝေးခဲ့ရပါတယ်။ ပုံပြင်တစ်ပုဒ်လည်း မဟုတ်ဘူး။ 
တိုက်ဆိုင်မှုလည်း မဟုတ်ဘူး။ လေဆိပ်ထဲမှာ စောင့်ဆိုင်းရတဲ့ အချိန်တွေက 
ကျွန်တော့်အတွက် တိုတောင်းလွန်းတယ်။လေယဉ်ပေါ်တက်တဲ့ လှေခါးကြီး
ကလည်း နိမ့်လွန်းတယ်။ အချိန်က နံနက် ၇ နာရီ.. ဇန်နဝါရီက နှင်းတွေ ကိုခါချတယ်။
 မြန်မာပြည်ကြီးက နှင်းတွေကို ပန်လို့ လှတယ်။ ကျွန်တော်ကပလက်ဖေါင်း
နဘေးကို သတိရတယ်။ ကျွန်တော့်အတွက် လ္ဘက်သုတ် သွားဝယ်ရင်း ဆိုင်ကယ်
မှောက်ခဲ့တဲ့ ချစ်သူလေးကို သတိရတယ်။ သူ…… ဒီနေ့ ဟန်ဆောင် 
အပြုံးတွေမှ ပြုနိုင်ပါ့မလား။လေယဉ်ကြီးထဲကို မဝင်ခင် ကျွန်တော် ဖျက်ကနဲ 
အတွေးတစ်ခု ဝင်လာတယ်။ ဗီဒီယိုတွေထဲကလို သတို့သမီးနဲ့ လူတွေ အများကြီး 
လေဆိပ်ထဲကိုရောက်လာလေမလား..။ ကျွန်တော်လှည့်ကြည့်တယ်……။ 
မင်းပြန်မလာခဲ့နဲ့တော့ ဆိုတဲ့ လက်တွေကလွဲလို့ … တစွန်းတစမျှ။
အင်း……. ဒီအချိန်ဆိုရင် တော့ အခါတော်ပေး တေးသွားလေး ခန်းမထဲ 
လွင့်ပျံနေလောက်ပြီထင်ပါတယ်။ ခဏလေးပါပဲ…… ကျွန်တော်တို့ 
ဝေးသွားခဲ့ကြတယ်…။ လွန်ခဲ့တဲ့ နှစ်နှစ်က ဇန်နဝါရီ….. မြန်မာပြည် ကနှင်းတွေကို 
ပန်လို့ လှတယ်….။
 
“တကယ်တော့ ဘယ်သူ့ ဘယ်သူမှ နောက်မကျပါဘူး……. နေဝင်ချိန်တွေကိုက 
စောသွားတာပါ” တဲ့။
“လျှာပေါ်မှာ မြက်ပင်တွေ ပေါက်ချင် ပေါက်နေပါစေ ကျွန်တော်ဒီလမ်းကို ဆက်လျှောက်
နေအုံးမယ် မသီတာ….”
ကဲ…… ညီမလေး ငှက်ပိစိရေ အချစ်ဆိုတာ အချစ်ပါပဲကွာ။   ။
အချစ်ဆိုတာ ဘာလဲ….. တဲ့
Subscribe to:
Post Comments (Atom)


 
 
 


5 comments:
အချစ်ဋီကာကို ဖတ်သွားတယ်၊ အပိုင်ပါပဲ။ အမြဲ အားပေးလျက်ပါ...
http://winzaw-mdy.blogspot.com/
ှုအင်းးးးးးးးး!!!
း(
ဆင်းရဲနေလို့၊ ချမ်းသာလို့၊ ရုပ်ဆိုးလို့၊
ရုပ်ချောလို့ဆိုပီး ခွဲခြမ်းစိတ်ဖြာ မခံစားခိုင်းပါဘူး။ နဲနဲ ချစ်တတ်ရင် နဲနဲ ခံစားရပါမယ်။
များများချစ်တတ်ရင်များများ ခံစားရပါမယ်။
...............
အမှန်ပါပဲ...တော်ပြီကွာလုံးဝမချစ်တော့ဘူး :P
အချစ်ဆိုတာ အချစ်ပါပဲ... ဟတ်ဟတ်.... :P
အချစ်ဆိုတာ ဆန့်ကျင်ဘက်အချစ်ပဲ။ ပြတ်ကရော..
တက်လူငယ်
Post a Comment