ဘလော့ဂ်ဂါလေးတို့ နေတဲ့ရွာ

Photobucket

တစ်နေ့သ၌ ထိုနေ့သည် နံနက်မိုးလင်းနှင့် ညမိုးချုပ်ကြားတွင်ရှိလေသည်။ လှိုင်သာယာမီးခွက်ဈေးတွင် မီးခွက်ထက် ဖယောင်းတိုင်အရောင်းသွက်နေရခြင်းအား ရွှေပြည်သာ မြို့လ္ဘက်ရည်ဆိုင်တွင် အကြွေးအားပေးရင်း ကျွန်တော် စဉ်းစားခဲ့ဖူးသည်။ စပယ်ယာတိုင်းလိုလို ကွမ်းစားကြသည်။ သူ့ပုံသေနည်းနှင့် သူလည်ပတ်နေသောလောကကြီးတွင် ပင်ဂွင်းငှက်လေးတော့ မပျံသန်းတတ်ရှာပေ။ Mr Bean နှင့် Juliet တို့သာ ချစ်သူတွေဖြစ်ခဲ့ရင် ဟူသော အတွေးဖြင့်ရွာအပြင် ထန်းပင်ကြီးအောက်တွင် ကျွန်တော်တို့ ပဲကြီးလှော်ကောက်စားခဲ့ကြသည်။ Rapper တို့၏ လက်တစ်ဖတ်သည် လေဖျက်ထားသကဲ့သို့ ရှိ၏။ မည်သို့ဆိုစေ မြို့ကြီးပြကြီး၏ ပြောင်းလဲ တိုးတက်မှုများနောက်တွင် ကျွန်တော်လိုက်မမှီနိုင်ခဲ့ ။ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေသော ခေတ်ရေစီးကြောင်း မှကျွန်တော် ကျန်မှန်းမသိ ကျန်နေ ခဲ့ရသည်။ သည်ကြားထဲ ချစ်ရပါသော သူငယ်ချင်းလေးကလည်း လက်မခံ…. အင်းလေ တောသားဆိုတော့လည်း နဲနဲတော့ မျက်နှာငယ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို အမြဲမျှော်နေမည်ဖြစ်သော ကျွန်တော့် မွေးရပ်မြေရွာလေး ရှိသေးသည်။ ဘယ်အချိန်ပြန်ပြန် ကျွန်တော့်အား ကြိုလင့်နေကြမည့် သူငယ်ချင်းတွေလည်း ရှိသေးသည်။ မာယာတွေ များလွန်းသော မြို့ပြ၊ စကားလုံး တွေ ကြွယ်သော မြို့ပြ၊ အင်တာနတ် မသုံးတတ်လျှင်ပင် အနည်းငယ် အောက်ကျနေသလို ဖြစ်နေသော မြို့ပြနဲ့ နဝေတိမ်တောင် ဖြစ်နေရသော ကျွန်တော် ရွာပြန်တာပဲကောင်းပါလိမ့်မည်။ ကျွန်တော်ရွာ ပြန်တော့မည်… အပြာရောင် ကျောပိုးအိတ်ထဲသို့ ဒဏ်ရာ အဟောင်းလေးများထည့်ရင်း……. မြို့ပြကြီးကို နှုတ်ဆက်လိုက်သည်။

“အော…. ပြောရင်း ဆိုရင်းနဲ့ ရွာနားတောင်ရောက်လာပါပေါ့……..ဟင် ….. ရွာအဝင် ကုက္ကိုပင်ကြီးအောက်မှာ စာဥပါလား…. ငါ့ကို စောင့်နေတာများလား ငါပြန်လာတာရော သူသိပါ့မလား… သနားစရာကောင်းလိုက်တာ”
စာဥလေး ကိုကြည့်ရင်း ကျွန်တော်စိတ်ထဲမကောင်း …..သနားလာမိသည်။ ထို့ကြောင့် ကုက္ကိုပင်ကြီးပေါ်တက်၍ စာသိုက်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ခဏတဖြုတ်အနား ယူပြီးသည့်နောက် ရွာထဲဝင်ရန် ရင်ခုန်စွာ ခြေလှမ်းများစတင်လိုက်သည်။
ဟော ..ရွာအစပ် သရက်ပင်နားမှာ နှဲမှုတ်သံကြားနေရပါလားဟ..။ ဘယ်သူပါလိမ့်။ ကျွန်တော်အကဲ ခတ်ကြည့်လိုက်တော့ သရက်ပင် ကြီးအောက်မှာဗျာ…. နှဲမှုတ်နေသူက သူငယ်ချင်း ရဲလေး ပေါ့။ ကျွန်တော့်ကို မြင်သွားတော့ ဝမ်းသာအားရ နဲ့….
“ဟာ….. သူငယ်ချင်း မင်းရွာကိုပြန်လာတယ် .. ဝမ်းသာလိုက်တာကွာ… ဟိုကောင်တွေ သိရင်လည်း အရမ်းပျော်မှာကွ….. မင်းလည်းရွာက ထွက်သွားတာကြာပီပဲနော်။”
“အေးကွာ ငါပြန်လာတာ…… ငါမြို့မှာမနေချင်တော့လို့ ရွာမှာပဲမင်းတို့တွေနဲ့အတူ ပျော်ပျော်ပါးပါး ပြန်နေမလို့ …… မြို့မှာအခုဆိုရင် အင်တာနတ်တွေ ၊ ဝက်ဆိုဒ်တွေ ၊ ဆော့ဝဲတွေ ၊ ဟက်ဝဲတွေ ….. ဆုံလို့ကွာ လိုက်မမှီတော့ဘူး…”
“အော…… ဟုတ်လား”
“အေး သူငယ်ချင်း…. ဒါနဲ့ မင်းက ဒီမှာ နှဲတစ်လက်နဲ့ ဘာလုပ်နေတာလဲဟ”
“ဟာ မင်းကလည်း…… နွားကျောင်းနေတာလေ”
“အော…. မင်းနွားတွေက ကျောင်းမပီးသေးဘူးပေါ့”
“နောက်ဆုံးနှစ်ဆိုပါတော့ကွာ တဖုန်းဖုန်းကျနေလို့ အခုပြန်ကျောင်းနေရတာ့”
“နေပါအုံး အရင်တုန်းကနွားကျောင်းသလို ပလွေ မမှုတ်ပဲ ဘာလို့ နှဲ မှုတ်ရတာလဲဟ”
“ငါစကားပုံတစ်ခု ဖတ်ဖူးတယ်ကွ သူများနဲ့ ဆန့်ကျင်နေထိုင်တဲ့သူဟာ… ပေါ်လွင်ထင်ရှားတယ် ချမ်းသာရာရ မယ်တဲ့….. ဒီရွာမှာဆိုရင် ငါနဲ့ ..ဗီလိန်နဲ့ နှစ်ယောက်က အဲဒီ့အကျင့်ကို ကျင့်နေတာ…. ဗီလိန်ဆိုရင် လူတွေကို ဂွတွေကြီးလိုက် ပြောနေတာဟ..”
“အော…. ဟုတ်လား ”
ရွာက သူငယ်ချင်းတွေ ဘယ်လောက်ထိပြောင်းလဲကုန်ပီလဲ။ ကျွန်တော်သိချင်လာမိသည်။ “အေးကွာ နောက်မှအေးအေး ဆေးဆေး တွေ့မယ် ငါရွာထဲ ဝင်တော့မယ်…. သူငယ်ချင်းတွေ နဲ့ တွေ့ချင်လာပီကွ”
“အေး အေး … သူငယ်ချင်း ဟိုဘက်နား မှာ ကိုလွမ်းဝေကြီးတောင် သူ့ပဲခင်းမီရှိှု့နေတယ်ကွလှမ်းနှုတ်ဆက်လိုက်အုံးလေ….”
ရဲလေး ညွှန်ပြရာသို့ ကျွန်တော်လှမ်းကြည့်လိုက်တော့ ကိုလွမ်းဝေတစ်ယောက် ကုတ်ကုတ် ... ကုတ်ကုတ်နှင့် အလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရသည်။ သိပ်မဝေးသဖြင့် သူရှိရာသို့ လျှောက်သွားလိုက်သည်။
“ဟေးးး……. ကိုလွမ်းဝေကြီး ဘာလို့လဲဗျ ပဲခင်းကိုမီးရှို့နေတာ”
“ဟာ ငညံ့ မင်းရွာပြန်လာတာလား…. ဝမ်းသာတယ်ကွာ …ဒီမှာကွ ငါ့ပဲခင်း ဗိုင်းရပ် ဝင်ကိုက်နေလို့ … အဲဒါ format ပြန်ချနေတာ…..”
“ဗျာ”
“မဗျာနဲ့ ဟေ့ကောင် ဒီမှာ ရွှေခြင်သေ့ ကလည်း အိုးဗားရှင်းကြီး ဖြစ်နေလို့ မရတော့ဘူး အဲဒါကြောင့် ဒီနည်းလေးနဲ့ဖြေရှင်းလိုက်တာ ပြီးရောပေါ့…. နောက်နေ့မှ Install ပြန်လုပ်ဖို့ မျိုးစေ့တောင် ဝယ်ထားပီးပီကွ”
“ဗျာ”
“မင်းကလည်း တဗျာဗျာ နဲ့ ဘာဖြစ်နေတာလဲကွ ….. ”
“အော် ဟုတ်ကဲ့ ဟုတ်ကဲ့”
ကျွန်တော် ဘာတွေဆက်ပြောရမှန်းမသိတော့ တစ်ခုခုတော့လွဲနေလိမ့်မည် ထင်သည်….ထိုတစ်ခုခုသည် ဘာမှန်းတော့မသိ လွဲနေတာတော့ သေချာသည်။ ကိုလွမ်းဝေကြီး တစ်ယောက် မူမမှန်တာတော့ သေချာသည်။သူ့ကို အမြန်ဆုံးနှုတ်ဆက်၍ ရွာထဲသို့ ဝင်လာခဲ့လိုက်သည်။ ကိုယ့်အတွေးနှင့်ကို လျှောက်လာရင်း……
“ဂလက်……. ဂလက်…” ဘဲလ်ကပ်နေသံဖြစ်သည်။ မည်သို့ဆိုစေ ဆက်ဘီးတစ်စီးတော့ အနောက်ဘက်မှ လမ်းတောင်း နေပြီ။ လမ်းဘေးသို့ အနည်းငယ်ရှောင်ရင်း လှည့်ကြည့်လိုက်တော့
“ဟာ….. ဟဲ့”
“ဟယ်….. နင် ငညံ့မဟုတ်လား….”
“အေး….. ငါပေါ့ဟ… နင်တို့ ဘယ်သွားကြမလို့လဲ”
ဘယ်သူတွေမှ မဟုတ်ပါ ….. မက်မက် ( dream) နဲ့ ဂုဂု ( megumi ) တို့ နှစ်ယောက်ဖြစ်သည်။ သူတို့တွေ အတော်ပြောင်းလဲနေပြီပဲ…။ အရင် ပုံစံနှင့် လုံးဝမတူတော့။ အရင်က သနပ်ခါး ဘေးကြားနဲ့ လုံချည်ဘိုသည်ဘက်သည် ဝတ်ပီး ရွာရိုးကိုးပေါက် လျှောက်ကစား နေသောပုံမဟုတ်ကြတော့။ ပြောင်းလဲနေကြပြီ…။ စကတ်တိုတို နဲ့ မျက်နှာမှာလည်း မိတ်ကပ်တွေလိမ်းထား၊ မျက်လုံး၊မျက်ခုံးများလည်း အရောင်လက်နေ၏။….. ဘာပဲဖြစ်ဖြစ် ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ ဝမ်းသာမိသည်။နှစ်ယောက်စလုံး စက်ဘီးပေါ်မှ ဆင်းရင်းကျွန်တော့်ကို ဝမ်းသာအားရ ( ပြေးမဖတ်ကြပါ.. )စကားတွေပြောရန် ဟန်ပြင်နေကြသည်။
“ငညံ့ နင်မြို့မှာအနေကြာသွားလို့လား မသိဘူး အသားတွေဖြူလို့ ဝလာလိုက်တာ ငါတို့လည်း နင့်ကို သတိရနေပါတယ်ဟ… နင် ရွာမှာရှိတုန်းကဆို ငါတို့ညည ကောင်းကောင်းမအိပ်ရ ဘူးလေ”
“ဘာစကားလည်း နင့်ဟာက …..”
“အော် နင်ကလည်း နင်ရွာမှာနေတုန်းကဆိုရင် ညဖက်ဆို နင်က ရွာ ကင်းအမြဲစောင့်ရတယ်လေ.. တစ်နာရီတစ်ခါ သံချောင်း ထထခေါက်နေတော့ ငါတို့ လန့်လန့်နိုးတယ် ဒါကိုပြောတာပါ”
မက်မက်က ပြောရင်းနဲ့ ဂုဂုကို မေးငေါ့၍ ဟုတ်တယ်ဟုတ် ဆိုသော စကားအကူခေါ်သည်။ ဂုဂုကလည်း……
“အေးလေ… နင်မရှိတဲ့ နောက်ပိုင်း ဟိုကောင်တွေ ကင်းဆက်စောင့်ရတယ်ဟ ဗီလိန်နဲ့ ပုလုကွေးတို့လေ… ဒါပေမယ့် ညည့်နက်ရင် သူတို့က အိပ်တာ…. မနက်ခင်း ရွာဦးကျောင်းက ကိုရင်လေးတွေ ဆွမ်းခံကြွတော့ မှ သူတို့ကို နှိုးလွှတ်ရတာ..”
“ဟင် ..အဲလိုကြီးလား.. နေပါအုံး …. နင်တို့က အခုဘယ်လိုပုံစံတွေ ဖြစ်နေကြတာလဲ”
“ဘာကို ပြောတာလဲ” ဟု ကျွန်တော့်ကို ပြိုင်တူမေးကြသည်။ ကျွန်တော်ကလည်း ချက်ချင်း မေးငေါ့ ပြလိုက်တော့မှ….
“အော ဒါလား…. ဒါကိုရီးယားစတိုင်လေဟာ… နင်ကလည်း မြို့မှာနေပီး ဝေးလိုက်တာ..”
“အော် ..... အေး ဂလိုလား.. ဒါနဲ့ နှင်းလေး တစ်ယောက်ရော ဘာတွေလုပ်နေလဲဟ…. မုန့်ဟင်း ခါးဆိုင် မသိမ်း သေးဘူးလား”
“အေး သူကပီးမှလိုက်လာခဲ့လိမ့်မယ် တဲ့…. အခုသူ မုန့်ဟင်းခါး မရောင်းတော့ဘူးသိလား… ကင်ဂျီ ပြောင်းရောင်းနေတယ် တော်တော် ရောင်းကောင်းတယ်ဟ ဘေးရွာတွေကတောင် လာဝယ်စားကြတာ..”
“အန်…ကင်ဂျီ ပြောင်းရောင်းနေတယ်”
“အေးလေ… ဘာဖြစ်နေတာလဲဟ နင်ကလဲ မျက်လုံးပြူးမျက်စံပြူးနဲ့….”
“အော ဘာမှမဖြစ်ပါဘူး ငါ…. ရွာများ မှားဝင်လာသလားလို့ ….. မဟုတ်သေးပါဘူး…ဟုတ်ပါတယ်… နင်တို့က ငါ့သူငယ်ချင်းအစစ်တွေပဲဟာ.. နင်တို့က အခု ဒါ ဘယ်သွားကြမလို့လဲ”
“ပါတီသွားမလို့လေ…… နင်သိတယ်မဟုတ်လား ရွာမြောက်ပိုင်းက မဝါဝါခိုင်းမင်း တို့အိမ်မှာ”
“ဟာ နင်တို့ကလည်း ဒီအချိန်ကြီး ပါတီ လုပ်လို့လား….”
“ အော …. ဒီအချိန်ပါတီ မလုပ်ရဘူးလို့ ဘယ်သူပြောထားလို့လဲ နော်…”
“အော…အေးပါ…အေးပါ။ နင်တို့ကလည်း အခုမှ ပြန်တွေ့ကြတာ ……ငါကများ မြို့အကြောင်းလေးဘာလေး ကြွားရမလား လို့ ငါ့ကိုဝိုင်းနှိပ်ကွပ်နေကြတယ်”
“အော် မဟုတ်ပါဘူးဟာ… အရင်တုန်းကလည်း ဒီလိုပဲပြောနေကြပဲဟာ ….. နင့်ကိုကြိုပြေပြထားအုံးမယ် ငါတို့ ရွာမှာ ကိုယ်ကာယ အလှပြသင်တန်းတစ်ခု ဖွင့်မလို့ဟ ငါနဲ့ ဂွိဂွိ နဲ့လေ”
“…. ဒီရွာမှာ။ ဘာလဲ အေရိုးဘစ်ဆိုတာလား”
“မဟုတ်ဖူးဟ ဘီရိုးဘစ်…. အေရိုးဘစ်က ရိုးသွားပီလေ ဘီရိုးဘစ်ဖွင့်မှာ …. ဒါမှ အဆင်မပြေရင် စီရိုးဘစ်တို့ …. ဒီရိုးဘစ်တို့ပါ ရှိသေးတယ်…. ဟဲ ဟဲ”
ကျွန်တော် အိပ်မက်မက်နေသည်လား…. ရွာကိုရောတစ်ကယ်ပြန်ရောက်တာလား…
“ဟဲ့…. ငါတို့သွားတော့မယ်… နောက်မှပဲ အေးအေး ဆေးဆေးတွေ့ကြတာပေါ့.. စောစောကတောင် ကင်းတဲမှာ ဗီလိန်နဲ့ ငပု တို့နှစ်ယောက်တွေ့ခဲ့သေးတယ် …. ဒီကောင်တွေ ဘာတိုင် ပင်နေကြတာလဲမသိဘူးဟ… အခုနင်သွားရင် သူတို့ကို မှီနိုင်သေးတယ်…”
မက်မက်နှင့် ဂုဂု တို့နှစ်ယောက် ကျွန်တော့်ကို ပြောပြောဆိုဆိုနှင့်ထွက်သွားကြသည်….. ဂျပန်ဘီးအား ကိုရီးယားလို စီးသွားကြလေသည်..။ တစ်ခုခုတော့လွဲ နေပြန်ပီ…… တစ်ခုခုတော့လွဲနေတာ သေချာသည်။တစ်ခုခု…. ဘာတစ်ခုခုလဲ။

( ဆက်ရပါဦးမည် ရွာထဲမှာ ဘယ်သူတွေနဲ့ထက်တွေ့ပြီး ဘာစကားတွေ ပြောကြအုံးမည်နည်း.. သိချင်ရင်တော့ …. မျှော်ပါလေ)



5 comments:

ဗီလိန် said...

လုပ်ပြီ။ ဇာတ်လမ်းကတော့ စပြီ။ ဘလော့လောက ကသူတွေ အကုန်သိမ်းကျုံးပြီး နှိပ်ကွပ်ပါတော့မယ်။ အဟိဟိ။ လုပ်သာလုပ် ဖတ်လို့ကောင်းတယ်။

Dream said...

ဟဲ့...ငညံ့.... နင်ပြန်ရောက်လာဘီလား..
ဒါဆို နင့်ကို တာဝန်ပေး
မယ်... နင်ဒီညကင်းစောင့်လိုက်နော်...ကင်းစောင့်ပေးရင်
နင့်ကိုငါတို့ဖွင့်ထားတဲ့ ဘီရိုးဘစ်နဲ့ စီရိုးဘစ် သင်တန်း
မှာ အလကားပေးတတ်မယ်.. ဟတ်ဟတ်...

megumi said...

ဟဲ့၊ ငညံ့။
ငါ့တို့ဆီမှာ သင်တန်းလာတက်လေ။ :P နင့်ကို အလကားသင်ပေးမယ်။ :P
ဒါနဲ့၊ ငါ့နာမည်က မယ်ဂုမိဟဲ့။
ဂုဂုလို့ ခေါ်ချင်ခေါ်။
ဂွိဂွိက မခင်ဦးမေနာမည် သိရဲ့လား။ ဟွန်း။

ဒီဇင်ဘာနှင်း said...

ကိုညံ့က တောကလူတွေကို အထင်သေးလိုက်တာ အခု မုန့်ဟင်းခါးရောင်းတော့ဘူးလေ ကိုးရီးယားကားတွေကြည့်ပြီး ကိုးရီးယားကလိုဝတ် ကိုးရီးယားကလိုပဲ စားတော့တယ်။

Anonymous said...

မယ်ဂိ အဲ့လေ မယ်ဂုနဲ့ အန်တီဒွင်းကို မြောင်းထဲကို တွန်းချခဲ့ရမှာ အဟီး ဒါမှ သူတို့ အရောင်တွေ မှိန်ကုန်မှာ ..
ကောင်းတယ်ဗျို့ ဆက်ဖတ်လိုက်ဦးမယ်
လာလရော့ နောက်တစ်ပိုင်း ( ဘီအီး မဟုတ် :D )