ပန်းရှစ်ပွင့် ဖန်ဆင်းခြင်း

လက်ပံပင် ဇရက်ကျတာထက်
သွပ်ပြားပေါ် ပဲလှော်ထုတ်ပေါက်ကျသလိုမျိုး
ကျွန်တော်ခပ်ရိုးရိုးလေး အသိပေးချင်တယ်....
လာကြည့်ပါ သာလိကာ ကိုအံတု
ကြီကန်းအိုအတောင်ပံကြိုး
သောကြာသမီးကိုစံချိန်ချိုးမယ့်
ကြက်ရိုးလို့အမည်တွင်နေတဲ့
သေးသေးလွင့်လွင့် ''အေးအေးမြင့်'' ပါမယ်။
တစ်ကိုယ်တည်း
အပျိုကြီးလုပ်ဖို့ကြံရွယ်
မအီမလည် နဲ့
ခဏခဏအလှတွေပြင်နေတတ်တဲ့
မာနကိုသွေဖီ ''တင်အေးကြည် '' ပါမယ်။

ကြားသမျှ
ဟာသပါဆိုပြီးတခွီးခွီးနဲ့
ကြံကြံဖန်ဖန်ခွက်ခွက်လန်အောင်
ရယ်နေတတ်တဲ့
ကိုယ့်ကိုကို သာကလိထိုး''ခိုင်ခိုင်စိုး'' လည်းပါပေါ့။

နောက်ထပ်တစ်ဦး
စက်ရုံမှူးရာထုးကို
လက်ဦးဘို့ကြံရွယ်
လောလောဆယ် အလုပ်လက်မဲ့
ဝမ်းဆက်နဲ့ လမ်းထွက်ဖို့ပြင်ပြင်နေတဲ့
ကျေးဇူးရှင် ''သက်မာလွင် 'လည်းပါသဗျို့။

ဘက်စ်ကားကြီးကြီးတွေစီးတိုင်း
ခြေဖျားထောက်ခိုင်းတဲ့ကံကြမ္မာရဲ့အမိန့်ကတကြောင်း
ယိုင်သွားရင် ဒိုင်စားမယ်ဆိုတဲ့
စပယ်ယာ ရဲ့ကြိမ်းဝါးမှုကတစ်ကြောင်း
အကြောင်းကြောင်းတွေကြောင့်
မနက်မနက်
ချက်ပလက်ကိုသာရွေးရွေးပြီးစီးနေရရှာတဲ့
လူပုစိတ်ရှည်''မိုးမိုးဆွေ ''လည်းပါတယ်။

အခြေအနေပေးရင်ဖြင့်
အမိန့်ရအပေါင်ဆိုင်လေးပင်
ဖွင့်ဖို့ရန်စီစဉ်
မျက်နှာပြင်ချောစုခင်နှင့်ခပ်ဆင်ဆင်တူသည်ဆိုတဲ့
မလည်မ၀ယ် ''ယဉ်ယဉ်သွယ်'' လည်းပါပေါ့။

ရသမျှ လခကိုချွေတာဆုစောင်း
နောက်ကွယ်မှာ ရည်ရွယ်ချက်ကောင်းကောင်းနဲ့
နားညောင်းအောင်စကားလုံးတွေဖန်တီး
ငြီးငြီး ပြနေတတ်တဲ့
ဟို....ဆီးသီးကိုအရည်ညှစ်တဲ့ဆီက
အတုယူစရာ ''ငုဝါ'' လည်းပါသဗျ။

နောက်ဆုံးတစ်ယောက်
စိတ်ကောက်တဲ့အခါ
တမင်တကာ လူမြင်သာအောင်
ဆူစရာမလိုတဲ့
အူတူတူအော်တိုနှုတ်ခမ်းပိုင်ရှင်
ကျောင်းဆရာမ စတိုင်ဖမ်း''သိင်္ဂီစန်း'' လည်းပါသဗျို့။

အကျွန့်ကဗျာ လွန်တာရှိဝန္တာမိဖို့အရေး
နှပ်ချေး ကျသည်ထိတောင်းပန်
ဗျောင်းဆန်အောင်ဆောင့်ကန်ချင်လျှင်လည်း
ရွှေစိတ်တော် ငြိုငြင်ပါဘူး
အော်.......ဦးယာဉ်မှူးဘ၀။ ။

(ဒါကတော့ ၂၀၀၂ ခုနှစ်လောက်ကရေးခဲ့ဖူးတဲ့ကဗျာတစ် ပုဒ်ပါသူငယ်ချင်း တချို့ကိုရည်ရွယ်၍ပေါ့....တနေ့တည်းတစ်ချိန်တည်းမှာထိုပန်းရှစ်ပွင့်ထံ အရောက်
ပို့နှံ နိုင်ခဲ့ပါတယ်....စက်ဘီးတတန်ကားတတန်ဖြင့် ကိုယ့်စရိတ်ကိုစားရင်း လိုက်လံပို့ဆောင်သူများကတော့..သောင်းဝင်းထွဋ် ၊ ဗလ ၊ဒေးဒေး နှင့်ထွန်းထွန်းဦ:ဆိုသူတို့ပင်....ထိုသူငယ်ချင်းများ online ပေါ်ရောက်လာသည်ဖြစ်စေ..တဆင့်စကားဖြင့် ဖြစ်စေ...ကျွန်တော်က သတိတရရှိနေသေးကြောင်း မှာလိုက်ချင်ပါတယ်)

..........................................................

2 comments:

Anonymous said...

ဖဲ့ထားတဲ့ ကဗျာလေးက တစ်ကယ် ထိမိပါပေ့ဗျာ
တွေ့ရင်ပြောလိုက်မယ်ဗျို့ ဟီးဟီး

Moe Myint Tane said...

သစ္စာကို တန်ဘိုးမထား
အချစ်ဆိုတာ ဂျိုနဲ့လား
မေတ္တာကို ၁၅ပြားနဲ့ရောင်းတုတ်
ခလုတ်ထိမှ အမိတတဲ့
ဂုဏ်မက်သူလေး "ခင်ခင်အေး"
ကော မပါဘူးလားဗျ။

ဟီး ဟီး ဘာမှမဟုတ်ဘူး ကဗျာလေး သဘောကျလို့ ဖတ်ဖူးတဲ့ ကာတွန်းထဲက စာသားလေး ရေးခဲ့တာ။

ခင်မင်စွာဖြင့်

မိုးမြင့်တိမ်