ဘလော့ဂ်ဂါလေးတို့ နေတဲ့ရွာ (၂)

ကျွန်တော် အတွေးများစွာနှင့်လျှောက်လာရင်း ကင်းတဲနားဆီသို့ရောက်လာ၏။
ဟော.. ..ကင်းတဲပေါ်မှာ ဟိုနှစ်ကောင်ရှိနေပုံရတယ်။ အသံတွေကြားနေရတယ်။
ချက်ချင်းကိုယ်ရောင်မပြသေးပဲ ကင်းတဲနဘေးမှ အသာရပ်နားထောင်နေလိုက်သည်။
“မင်းကလည်း ငါ့ဘကြီးဆိုရင်လှေပေါ်ကနေ ဘာမှမပါပဲရေထဲခုန်ချပြ ခဲ့ဖူးတာကွ
သတ္တိရှိတဲ့နေရာမှာတော့ မပြောနဲ့ဟေ့ကောင်”
“ဟင်.. ဟုတ်လား ရေကအနက်ကြီးလားဟ”
“ရင်စို့ လောက်တောင်ရှိတယ်လို့ ပြောတယ် ဗီလိန် ရ”
“အေး ငါ့ဘကြီးလည်း သတ္တိကောင်းတာပဲကွ မင်းကလည်း တောထဲသွားတိုင်း …
ကျားအမြီးတွေဖျက်ဖျက်လာတာ ..”
“ဟင်… အမြီးဖျက်တယ်…. ဟာ … ဒါမလွယ်တဲ့ကိစ္စပဲကွ ခေါင်းကိုဖျက်ရင်
ကျားကဘာမှပြန်လုပ်လို့မရတော့ဘူးလေ… အမြီးဖျက်တော့ ပြန်ကိုက်လို့ရသေးတယ်
မင်းတို့ဘကြီးလည်း တော်တော်သတ္တိကောင်းတာပဲနော်… ”
“ဒါပေါ့ကွ… ဒါပေမယ့် သူအမြီးကို ဖျက်တဲ့အချိန်မှာ ကျားကြီးက ခေါင်းမရှိတော့ဘူးတဲ့ သူများ
ဖျက်သွားတာတဲ့…”
“ဘာပဲဖြစ်ဖြစ် မင်းဘကြီးရော ငါ့ဘကြီးရော သတ္တိရှင်တွေပဲ ဟေ့ကောင်”
“ဒါပေါ့ဟ….”
အမယ် ငပု ( ပုလုကွေး) နဲ့ ဗီလိန် အတိုင်အဖေါက် ညီညီတွယ်နေကြပါလားဟ…။ မသိမသာလေး
ဝင်လိုက်အုံး မှ……..
“ဝါးးးးး………….”
“ဟ …ဟ..…… ပလုပ်တုတ်… ဟန်ဂျီအင်း ငါနဲ့ငြား….ကလေး နှစ်ယောက်ဖွား”
ကျွန်တော် ချောက်လိုက်သော ကြောင့် နှစ်ယောက်သား ထ ရောင်လိုက်ကြချင်း ဖြစ်သည်။
“ဟာ……. ငပေါ… အဲလေ ငညံ့…. မင်းပြန်လာတယ်..”
ငပုက ဦးဦးဖျားမေးသည်။ ဗီလိန်ကတော့ ဟန်ဂျီအင်း နှင့် ညားနေတုန်းထင်၏။
ကျွန်တော်လည်း ကျောပိုးအိတ်အား ကင်းတဲပေါ်ပစ်ချရင်း ၄င်းတို့ နှစ်ယောက်ကြားသို့
ဝင်ထိုင်လိုက်သည်။
“ဝမ်းသာတယ် ငညံ့ရာ…. မင်းရှိတော့ ငါတို့လည်း ကဲရတာအားရှိတာပေါ့ကွ.. အခုတောင်
ငါတို့ ရွာအပြင် ချောင်းထဲမှာ Download သွားချမလို့ကွ”
“ဘာရယ်…”
“ငါသွားဖမ်းမလို့ ကွာ.. မြို့ကပြန်လာပီး ဒီစကားတောင် နားမလည်ဘူးလား မင်းကလည်း”
“အော်…. အေး အေး ငါနားကြားလွဲသလားလို့ပါ….”
ကျွန်တော်လည်း ဝင်ဖောလိုက်ရသည်။
“အမှန်ဆို ကာလာသားခေါင်း ကိုမိုးပြေးတို့ အိမ်နောက်က ကန်ထဲမှာဆို ငါးတွေအများကြီးကွ
သူက Password တွေခံထားလို့ ဒေါင်းရတာ သိပ်အဆင်မပြေဘူး ..”
“ဟင်…. ဘယ်လိုပက်စ်ဝက်ခံထားတာလဲဟ..”
“ဆူးခြုံတွေချ ထားတာကိုပြောတာကွာ…” ဟု ငပုက ဝင်ရောက်ဖြေရှင်းပေး၏။
ကျွန်တော်လည်း ဘာတွေဆက်ပြောရမှန်းမသိ…။ စကားလမ်း လွှဲသောအနေဖြင့် ဂုဂု ( megumi)တို့ မက်မက်( Dream ) တို့နဲ့တွေခဲ့တဲ့အကြောင်း အားပြောလိုက်သည်။
ဗီလိန်က ချက်ချင်းပင်….
“ဟုတ်တယ် သူတို့ ပါတီပွဲသွားကြတာကွ အမကြီး ဝါဝါခိုင်မင်း ကလည်း ခေါ်ထားလို့…
လူတွေကို ပေးတဲ့ ပါတီတော့ မဟုတ်ဖူးကွ နတ်တွေကို ပေးတာ နတ်ကနား
ကတာကွာ….နတ်ပေါင်း ၁၁၆ ပါးဆိုလားပဲ”
“ဟင်… ၁၁၁ ပါးပဲကြားဖူးပါတယ်ကွာ… အတွင်း ၃၇မင်း၊ အပြင် ၃၇ မင်း၊ အရံ ၃၇မင်းလေ…. အားလုံးပေါင်းတော့ ၁၁၁ ပါးလေ…အရံတွေ ဒီလောက်များနေတာတောင် ဘယ်နတ်တွေထပ်တိုးလာပြန်တာလဲဟ…”
ပုလုကွေးက ကျွန်တော့် မေးခွန်းကို ဖြေရှင်းရန် ဟန်ပြင်လိုက်ပြီး…
“အော….. မင်းလည်း ဗဟုသုတ အတော် နဲတာပဲကွ… မြို့မှာနေပီး”
“မင်းတို့ကလည်းကွာ ငါ့ကို မြို့မှာနေပီး…. မြို့မှာနေပီး လို့ ခဏခဏလှောင်မနေပါနဲ့”
ငပုကပဲ သူ့စကား သူပြန်ဆက်သည်…
“နတ်ငါးပါးတိုးလာတယ်လေကွာ… အင်တာနတ်ရယ်၊ ပလန်နတ်ရယ်၊ ပုဂံနတ်ရယ်၊
ဂျေဒိုးနတ်ရယ်၊ပီးတော့ ဒေါ့နတ် ရယ်လေကွာ…. အားလုံးပေါင်းတော့ ၁၁၆ပါးဖြစ်သွားပီကွ…”
“အဲဒါ မဝါဝါခိုင်မင်းတို့အိမ်မှာ နတ်မှန်သမျှအကုန် ပျော်ပွဲပေးတာ …ပါတီပေးတာလေကွာ..
ဂုဂုတို့ မက်မက်တို့ကလည်း … အဲဒီအိမ်မှာ အမြဲသွားကစားနေကြဆိုတော့ … သူတို့ကို အဓိကဖိတ်တာပေါ့ကွာ နောက်ပီး ချဲဂဏန်လေး ဘာလေးများရမလားလို့ ပေါ့….”
ဗီလိန်နှင့် ငပုက ကျွန်တော့်ကို ရွာအကြောင်းတွေအလှည့်ကျ ပြောပြနေကြသည်။
ကျွန်တော်လည်း ဆံပင်များပင် ထောင်လာမတတ် အံ့သြခြင်းများစွာဖြင့် ….
“မင်းမသိလို့နော် သူတို့အဖွဲ့က ရွာမှာအတော်ကဲဟ…. နေရာတကာ ပါတယ်ဟေ့ကောင်.. ငါတို့တွေထက်ဆိုးတယ် အခုမင်းနဲ့တွေ့ခဲ့ တာ မက်မက်နဲ့ ဂုဂု နှစ်ယောက်ထဲမဟုတ်လား…”
“အေးလေ…”ဟု ကျွန်တော် စကားထောက်ပေးလိုက်သည်။ ဗီလိန်ကပင် ဆက်၍…။
“အေး နှင်းလေး( ဒိဇင်ဘာနှင်း)တို့၊ မီးငယ် တို့ ရောင်ပြန် တို့ လည်းတဖွဲ့ထဲတွေက သူတို့အားလုံး ဆုံမိပီဆိုရင် မလွယ်ဖူးမှတ်…. ဒါပေမယ့် မီးငယ်ကတော့ အခုရက် အပြင်မှာသိပ်မတွေ့ဘူး….. ”
ထိုစကားဆုံးသည်နှင့် ငပုက….
“ဘယ်တွေ့မလဲကွ… ပီးခဲ့တဲ့သီတင်းကျွတ်မှာလေ သူ ဗျောက်အိုးတွေလိုက်ဖောက်တာ …
အိမ်တကာ့အိမ်ပဲ…. ရွာထဲကလူတွေလည်း သူ့ကြောင့်ဲ တလန့်လန့် နဲ့ အိမ်အောက်တွေ လိုက်ပစ်ထည့်တာကိုးကွ…. ”
“ဟင်… အခုသူ့ကိုလူကြီးတွေက ဆူထားလို့လား…”
“မဆူဘူးကွ… သူ့ဟာသူဖြစ်တာ … ကိုမိုးသောက် တို့ အိမ်အောက်ကို
သွားဖောက်တဲ့နေ့ကကွာ…အဲဒါ ကိုမိုးသောက်ကြီး အိမ်ပေါ်က ဆင်းလာတာ သူမမြင်ဖူးကွ… ဟော မြင်လည်း မြင်ရော ဝမ်းသာအားရနဲ့ လှမ်းပြစ်လိုက်တာ…. ဗျောက်အိုး မဟုတ်ပဲ မီးခြစ်ဖြစ်သွားတယ်လေ… ဗျောက်အိုးက သူ့လက်ထဲ ကိုင်ထားတာ…….. ဟား…… ဟားးးးး ဟားးးး”
ပုလုကွေး စကားကြောင့်ကျွန်တော်တို့ တဝါးဝါးရယ်လိုက်ကြရင်း….
“ဒါတင်မကသေးဘူး ငညံ့…. အခုသူတို့ အဖွဲ့ကို ရွားဦးကျောင်းက ကွမ်းတောင်၊
ပန်းတောင်ကိုင်ခွင့် တစ်ရာသီပါမစ်ပိတ်ထားတယ်…”
“ဟင်…. ဘာလို့လဲ ဟ….”
ကျွန်တော်လည်း နဝေတိမ်တောင်နိုင်စွာ လိုက်မေးနေရသည်..။
ဗီလိန်ကပင်ဆက်၍……
“ဘာဖြစ်ရမလဲကွ အခုသူတို့ကအရင်လိုမဟုတ်တော့ဘူးလေ…လှချင်ပချင်လာကြပီ.. အသစ်အဆန်းမှန်သမျှသူ့ထက်ငါ ဝယ်ဝတ်နေကြပီ.. အဲဒီမှာ ဒေါက်ဖိနပ် ပြဿနာကြောင့်ပေါ့ကွာ သူ့တို့အဖွဲ့ အလှူတွေရောက်ရင် ဒေါက်ဖိနပ် တစ်လွှားလွှား နဲ့… ရွာလမ်းနဲ့ ဒေါက်ဖိနပ်နဲ့ ဘာဆိုင်လို့လဲကွာ…. အဲဒီမှာ ချော်တွေလဲကျရောပေါ့.. ”
“အန်….. အဲလိုတွေ ဖြစ်တာလားဟ….”
“အေး … ဟုတ်တယ် တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ် ဆိုတော့
ဘုန်းကြီးကျောင်းက ကွမ်းတောင် ပန်းတောင်တွေ ကုန်သလောက်နီးပါး
ပျက်စီးကုန်ရောကွာ.. အဲဒါကြောင့် ဆရာတော်က သူတို့ကို ဒဏ်ပေးတဲ့အနေနဲ့
ဒီနှစ်ဘယ်အလှူမှ ကွမ်းတောင် ပန်းတောင်ကိုင် လို့မရတော့ ဘူးလို့ပြောထားတာ ”
သတင်းတွေကလည်း ထူးပါ့….
“နေပါဦးကွ….. ဒီကိစ္စက အလှူရှင်နဲ့ အဆင်ပြေရင် ပီးတာပဲဟာ… ”
“ဟာ… မင်းကလည်း အလှူရှင်ဆိုတာက User အဆင့်ပဲရှိတာလေ၊ ရွာဦးကျောင်းဆရာတော် က Admin လေကွာ ဘယ်ရပါ့မလဲ…”
“ဟေ…..”
“ဟေ…လုပ်မနေနဲ့ ငညံ့…. မင်းမရှိတဲ့ နောက်ပိုင်း ရွာကအကြောင်းတွေ ပြောရမယ်ဆိုရင်ဒီနေ့ ငါတို့ အိမ်ပြန်ရောက်မှာတောင် မဟုတ်ဖူးကွ…. ဟိုနေ့က ငါ အမကြီး ဝါဝါခိုင်မင်းနဲ့ တွေ့သေးတယ်”
“ဟာ… အဲဒါထူးဆန်းလားဟ.. မင်းကလည်း”
ပုလုကွေး စကားအား ဗီလိန် ဝင်ညှပ်လိုက်ခြင်းဖြစ်သည်။
“အေး ထူးဆန်းတာရှိလို့ ပြောတာပေါ့ကွ…. မင်းကလည်း ငါ့အထင် ဟိုလိုကွာ ခြောက်ကြိုး ဆိုလား…. ဆယ့်နှစ်ကြိုး ဆိုလား…..”
“ဟာကွာ….. မဖြစ်နိုင်တာ…သူဂစ်တာတီးတာ ငါတစ်ခါမှမမြင်ဖူးပါဘူးကွ…”
“ဗီလိန် မင်းကလည်း ငါပြောတာ အဲဒါ မဟုတ်ဖူးလေကွာ…”
သူတို့ နှစ်ယောက်ထဲ ခွပ်နေကြ၍စကားလမ်းကြောင်းပေါ် မရောက်ဖြစ်နေလေသည်။ ငပုကပင် ဆက်၍။
“အဲဒီလို သူနဲ့ ..လမ်းမှာတွေတော့ …. အမကြီး ဘယ်ကပြန်လာတာလဲ..
ဘာလဲ ၊ ညာလဲပေါ့ကွာ… ပြုံးပြုံးလေးပဲ နှုတ်ဆက်လိုက်တာပါကွာ… အဲဒါကို သူက
ဘာပြောသွားတယ်မှတ်လဲ…”
“အေး…. ဘာပြောသွားလို့လဲ….ဟ”
ကျွန်တော် စိတ်ဝင်တစားမေးလိုက်မိ၏။
“ဟဲ့… မောင်လေး ငပု….. နင့်ညာဘက်အံသွား နောက်ဆုံးတစ်ချောင်းက
ပိုးစားနေပါလားတဲ့… မပေါ့နဲ့နော်တဲ့…. လူတစ်ယောကအတွက် သွားဆိုတာလည်း အရေးကြီး တယ်တဲ့”
“ဟာ မင်းဟာကလည်း အဲဒါထူးဆန်း လားဟ….. ”
“အော် မင်းကလည်း သူ့ကို ငါက သွားပေါ်အောင်တောင် ပြုံးပြတာမဟုတ်ပဲ….
ငါ့အံသွားအကြောင်း သူဘယ်လိုသိသွားတာလဲ အဲဒါက ထူးဆန်းတာလေ…”


( ဆက်ပါဦးမည်…. )






10 comments:

WWKM said...

အယ်..အယ်..လုပ်ပုံ..လုပ်ပုံ..
အမကြီးကိုလည်း သက်သာမပေးကြပါလားနော်.
ချိတ်ညစ်ပါတယ်။

မောင်လေးညံ့ညံ့ ရေ..
အမ မောင်လေးစီဘုံးမှာ ရေးလို့မရဘူး. အရမ်းလေးတယ်. တစ်ခါရေးရင် ၃ ၊ ၄ ခါလောက်
ပို့ရတယ် အဲဒီတော့ ၃ ၊၄ ခါတွေဖြစ်ကုန်ရောပဲ..ဆောရီးပါနော်.
ဒီနေ့ကတော့ ၅ ကြိမ်ပို့တာမရလို့ လက်လျှော့လိုက်ပြီ။
ပို့စ်ဖတ်မှ ကိုယ်ကို အတင်းပြောတာနဲ့တိုးနေတယ်။အဟတ်..ရပါဒယ်..ရပါဒယ်..း)
ဒါနဲ့..မနက်ဖြန် အမ မွေးနေ့နော်..အားရင်လာနွဲပါဦး။

ခင်တဲ့
မ၀ါ

မီးငယ် said...

များပီ.. နာ Assignment တွေနဲ့အလုပ်ရှုပ်နေတုန်း နီးက တွယ်တယ်ပေါ့ဟုတ်ရား.. တွေ့မယ်နီးတော့...
အပြင်မှာတွေ့ရို့ကတော့ တေပြီတာမှတ်..ဟွန်း :P :P

megumi said...

ဟဲ့ ငညံ့၊ အတင်းတုတ်မနေနဲ့။ နင်၊ဘယ်လောက်ဆိုးလဲပါ ထည့်ရေးနော်။ :P

ဟွန်း။ ငါ့တို့ ကဲတာပဲ ပါတယ်။ သူ ဆိုးတာကြတာ မရေးဘူး။ များပြီ။

ဘီရိုးဗစ်လည်း လာမတက်သေးဘူး။ မက်မက်နဲ့ ငါက ဒီလောက် အလကားသင်ပေးပါ့မယ် ဆိုတာကို ။ :P မြန်မြန်လာတက်နော်။ :P ဟွန်း။

:P said...

ပျော်စရာလေးးးးးးးးးစောင့်ဖတ်နေမယ်

thihanyein said...

ဟားဟာ ရီရတယ်ပို့စ်လေးက အရေးအသားကောင်းလိုက်တာဗျာ ဂွတ်တယ် စိတ်ထဲကိုပျော်သွားတာပဲ ဟားဟား

ဗီလိန် said...

ဗီဗီတို့ ဟန်ဂျီအင်း နဲ့တောင်ညားတော့မလို့ အဟိ။ လုပ်လုပ် ဆက်လုပ် ကိုယ့်လူ

puluque said...

ရွာထဲကို လူဆိုးဝင်လာတယ်..ဘယ်သူလဲလို့ ငညံကိုး..မြို့မှာ ဆိုက်ကားသွားနင်းတာဆို ဘယ်လိုလဲ အဆင်ပြေလားကွ.

အလင်းစေတမန် said...

စိတ်ကူးလေး ကောင်းလိုက်တာဗျာ Blogger တွေလည်း စုံသွားတာပဲ

Anonymous said...

ဟား ဟား ရီရတယ်ဗျို့ ..
ဟုတ်တယ် အဲ့ဒီ မီးငယ် သီတင်းကျွတ်တုန်းက ဗျောက်အိုးတွေ လိုက်ဖောက်နေလို့ လျှော့လျှော့ပေါ့ပေါ့နဲ့ ဒေါ်လာ ၂၀၀၀ ဒဏ်ရိုက်လိုက်သေးတယ် :P
ကောင်းတယ်ဗျို့ နောက်ထပ် ရီစရာလေးတွေ
စောင့်ဖတ်နေမယ်ဗျာ :P

GreenGirl said...

လုံစုံပါလား... ဆက်ဖတ်ပါ့မယ်။ ဆက်ရေးပါဦးနော်