ကျွန်တော်နှင့် မြူနှင်းဝေသောညများ

(၁)
ရနိုင်မယ်ဆိုရင် နှင်းဆီရောင် ဝတ်ရုံတစ်ခုနဲ့ပဲ ကျွန်တော့်ရုပ် အလောင်းကို
အုပ်မိုးပေးပါ။အဝါညီးညီးလွင်ပြင်တစ်ခုရဲ့ လေထန်ရိုင်းရိုင်းတွေကြားမှာ လူသေတစ်
ယောက်ကို သူ့ကံအလျှောက်ထားခဲ့ပါ။ဟိုးအဝေးမှာ မြူဝေမှိုင်းပြလို့ အရာရာ ကဝေ
ဆန်အောင် လှနေပါစေကျွန်တော်ခံယူနေမှာက ဓမ္မတေး တစ်ပိုဒ်ရယ်ပါ…..။
……. ချစ်မိသူဆိုတာ လောကမှာ စစ်အရှုံးဆုံးသူပါ မသီတာ၊
ချစ်မိပြီ ဆိုကတည်းက အဲဒီ့နှလုံးသားဟာ တယုတယနဲ့ သေမိန့် ကျသွားခဲ့ပါပြီ၊ ဦးပုညရဲ့ လင်္ကာတွေ ထဲကလို တရားဝေခွဲရင်း စကားတွေ အလဲလဲ
ဖြစ်ခဲ့ရတဲ့ ဒီကောင်ကတော့ စက္ကူမင် တစ်မျဉ်းအောက်မှာ လူမိုက်အဖြစ်
စာရင်း ပေါက်သွားပါပြီ………။
ထားခဲ့ပါ မသီတာ……
သွားလိုရာကိုသွားပါတော့…….
ကောင်းကင်မှာ ကြယ်တွေပွင့်ဝေကြပြီလား…..။
ပင်လယ်မှာလည်း ဗေဒါတွေ မြောလိုရာမျောရင်း ဆက်ပွင့်ကြဦးမှာပါ…
ဘာပဲဖြစ်ဖြစ် လေ…
ဘုံအဆင့်ဆင့်မှာ စံရင်း
(မသီတာတစ်ယောက်) ကံအဆင့်ဆင့်မှာ မြင့်သည်ထက်မြင့်ပါစေ၊
ကျွန်တော် ဆုတောင်းနေပါ့မယ်…..။
ကျွန်တော်နဲ့ လကွယ်ညတွေကတော့
ဝိုးဝါး မှောင်ရီ
လွမ်းဆွတ်နေကြဦးမှာပါ……။
ကံတရားဆိုတာ ဒါလားဟင် ၊
ရှိပါစေ၊ ရှိပါစေတော့ မသီတာရယ်။

(၂)
ခတ္တာတို့ ပွင့်တဲ့တစ်လရဲ့
ကော်ရစ်ဒါလမ်းပေါ်မှာမသီတာကို စတွေ့ခဲ့တာပါ။
အဲဒီအချိန်ထဲက ကျွန်တော့်ရဲ့ အိပ်မက်တွေထဲမှာ မသီတာဆိုတဲ့ ဆံပင်ရှည်ရှည်
ကောင်မလေးက လင်းသန့်တောက်ပလို့လာခဲ့တာပါပဲ။
………. မသီတာကို ကျွန်တော်သိပ်ချစ်တယ် မသီတာရယ်……။
………. သူများတကာတွေ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုတာ
မသီတာရဲ့ ဆံနွယ်လေးကို ကျွန်တော်ချစ်သလောက်တောင် ရှိမှာ မဟုတ်ပါဘူး။
……… ကျွန်တော်က အဲဒီလိုအရူးအမူးပေါ့…..။
…….. ကဗျာတွေရယ်
မသီတာရယ်ကို ကျွန်တော် အရမ်းချစ်တာပဲ။
တစ်ခါတစ်ခါ ကိုယ့်ဘဝကိုယ် ပုံဖော် စဉ်းစားကြည့်ရင် ဆူးစူးနေတဲ့
ဆပ်ပြာပူဖောင်းလေးကိုပဲ မြင်ယောင် မိပြန်ရဲ့။ အဲဒီလိုနဲ့ ခတ္တာ ခါးခါးတွေကို
ကျွန်တော် ဖုရားတင်ခဲ့မိတယ်ထင်တယ်။
…….. ကျွန်တော်က ကံဆိုးတဲ့ကောင်ပါ မသီတာ။
………. ကျွန်တော်က မသီတာလို့ တိတ်တိတ်ကျိတ် ခေါ်ပေမယ့် မသီတာရဲ့
နာမည်ကတော့ မသီတာဖြစ်မလာခဲ့ပါဘူး။
မသီတာရဲ့နာမည်လေးကို သဲမြေဖုံဖုံမှာ မှုံနေအောင်လည်းရေးခဲ့ဖူးပါတယ် ။
ကျွန်တော်လွမ်းတယ် မသီတာ တော်ဝင်လမ်းကြီး သိပါလိမ့်မယ်…။

(၃)
ကျွန်တော်နေတဲ့ မြို့သစ်ကလေးက မသီတာရဲ့ သူငယ်ချင်းတွေဆီ မကြာခဏ
ရောက်လာတတ်တယ်မဟုတ်လား….။တစ်ခါတစ်ရံတော့လည်း ဘယ်သူမှမသိပဲ
ကျွန်တော်မျှော်နေမိပါတယ်…။စာသင်ခန်းထဲက မျက်မှန်းတမ်းမိယုံ
အပြုံးလေးရရှိခဲ့တဲ့နေ့ ကျွန်တော်သိပ်ပျော်ခဲ့ရတယ်မသီတာ…….
မသီတာရဲ့ သူငယ်ချင်းတွေဆီမှာ မသိမသာလေး စုံစမ်းရင်းနဲ့ မသီတာရောက်လာမဲ့ရက်
… အချိန်တွေကို မျှော်ရည်တမ်းတခဲ့ရသူပါ.။
ကျွန်တော်တို့ မြို့သစ်ကလေးက ရထားသံလမ်း ဘေးမှာ အလျှားလိုက်တည် ရှိပါတယ်။
ကျွန်တော့်အိမ်ခြံဒေါင့် တစ်နေရာမှာ ဘယ်သူမှ သတိထားမိဟန်မရှိတဲ့ ….
ဆိတ်ဖလူးပင်လေး တစ်ပင်ရှိပါတယ်။
ရထားသံလမ်းရဲ့ ခပ်လှမ်းလှမ်းမှာ မထည်ဝါလှတဲ့ အရက်ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။
ကျွန်တော်လည်း လူငယ်တွေထဲက လူငယ်တစ်ယောက်ပါပဲ.. ဆိတ်ဖလူးပန်း တို့ရဲ့ ညှို့ယူခံ
လိုက်ရတဲ့ ညတွေမှာ… ရထားသံလမ်းထက် ခေါင်းငိုက်စိုက်ချ လမ်းလျှောက်တဲ့
အခါလျှောက်ပါတယ်။ အမှောင်ရဲ့ ကပို့ကရို့လေးမှာ အရက်ဆိုင်ထဲ….
မရဲတရဲ ဝင်ခဲ့တဲ့ အခါလည်း ဝင်ပါတယ်။
ဒါပေမယ့် မသီတာရေ…… လူတွေအကြောင်းကို ကကြီးကနေ အ. အထိသိနေတဲ့
ဗလုံးပထွေး လေသံတွေကြားမှာ ….. အရက်ဆိုင်ထဲက ထ.ပြန်ခဲ့ မိတယ်…..။
……… မသီတာရယ် …
ကျွန်တော်မသီတာကို ရင်ထဲစွဲ အောင်ချစ်ခဲ့တယ်။
မသီတာနဲ့ ပတ်သတ်ရင် ကျွန်တော် စိတ်ကူးတွေလည်းယဉ်ခဲ့ဖူးတယ်။ စိတ်ကူးတွေလည်း
ရိုင်းခဲ့ဖူးတယ်။ နောက်ဆုံးတော့ စိတ်ကူးဟာ စိတ်ကူးနဲ့ပဲ လွင့်ပြယ်ခဲ့ ပါတယ်။

(၄)
မသီတာအတွက် ကဗျာတွေ အများကြီး ကျွန်တော်ရေးခဲ့တယ်။
မသီတာကိုလည်း ပေးဖတ်ချင်တယ်။ဒါပေမယ့်လည်း ကျွန်တော့်မှာ
အဲဒီလို အခွင့်မပိုင်ခဲ့ဘူးနော်။မသီတာကလည်း ကျွန်တော် ချစ်တာကို မသိခဲ့ဘူး။
ကျွန်တော်ကလည်း မသီတာ သိအောင်မချစ်ခဲ့ဘူး။
………. တစ်ချက်လောက်ငေးကြည့် မိရင်းက အငြိငြိ အယှက်ယှက်နဲ့ ချစ်မြတ်
လွမ်းဆွတ်ခဲ့ရတာပါ……။
ပန်းတောင်ခါးပန်းမှာ ပျော်ပျော်လွင်လွင် ဆော့ကစားနေတဲ့ မင်းသမီးလေးကို
လယ်ကွင်းထဲကနေ ငေးကြည့်ခဲ့ရတဲ့ စပါးပင်လေးလို ကျွန်တော်က မသီတာကို
ငေးကြည့်ခဲ့ရတာပါ……
အဲဒါထက် ဘာမှ မပိုခဲ့ပါဘူး မသီတာ….။
အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ မြို့သစ်ကလေးမှာ လေကြမ်းတွေ ကသီကဝေ
တိုက်လာတယ်။ ဒီလိုနဲ့ ရထားသံလမ်းထက်မှာ ခါတိုင်းထက်ပိုပြီး မိုးမြူတွေ
လင်းပြာလာတယ်။
………. မသီတာကို ချစ်ရင်း၊ လွမ်းရင်း…. မသီတာအကြောင်း စဉ်းစားရင်း…၊
ရနံ့ ဟောက်ပက်ဖြစ်နေတဲ့ စက္ကူပန်းတစ်ရွက် ကကျွန်တော့် ရှေ့ကိုကြွေ
ကျလာပါတော့တယ်…။

(၅)
မသီတာနဲ့ မသီတာရဲ့ချစ်သူကိုရယ် မော်ကျွမ်းဝင် မြင်တွေ့လိုက်
ရတဲ့အချိန်မှာ ကျွန်တော်ဟာ လူတချို့နဲ့ စကားပြောနေတယ်မသီတာ..။
မသီတာတို့ကို မမြင်ယောင်ပြု၊ နားထောင်လက်စ စကားကို ဆက်နားထောင်၊
အများနဲ့ အတူလိုက်ရယ်မော နေရပေမယ့် ကျွန်တော့်ရင် ထဲမှာ
စူးစူးဝါးဝါး နာကျင်ခဲ့ရပါတယ်။
အဲဒီညမှာ ကျွန်တော့်ဝိညာဉ်ဟာ မီးပုံထဲအခါခါခုန်ချ၊ ကျွန်တော့် ဘဝက စဥ့်နီတုံးကြီးလို
လမ်းပေါ်လိမ့်သွား…. အလွမ်း ဆိုတာ စိတ်ကိုခွဲတဲ့ ဓါးတစ်လတ်ဖြစ်ကြောင်း ကျွန်တော်
ခံစားနာလည်ခဲ့…….။
……… မသီတာရယ် ကျွန်တော်က အမြဲကံဆိုးခဲ့တယ်။ စိတ်ထဲမှာ ဖျက်ကနဲ ပွင့်တဲ့ပန်းကို
စိတ်နဲ့တောင် မနမ်းလိုက်ရပါဘူး။ အစကတည်းက မနီးစပ်ခဲ့ကြပေမယ့် ခုလိုဝေးရတော့
ကျွန်တော့်ရင်ထဲမှာ နာကြည်းစရာတွေ ထွေပြားလှပါတယ်။
တက်ခေါက်ရပါများလို့ လျှာဖျားတွေတောင် အသားမာ တက်ခဲ့ပါပြီ။
….. မသီတာရယ် ဘယ်သူမှ မသိပဲမသီတာကို ကျွန်တော်ချစ်ခဲ့တယ။
ဘယ်သူမှမသိပေမယ့် မသီတာကို ကျွန်တ်ာလွမ်းရအုံးမယ်….။
ကျွန်တော်က သူရဲကောင်းတော့ မဟုတ်ပါဘူး….. ဒါပေမယ့် ကြောက်စရာ
အကောင်းဆုံး အရှုံးတွေနဲ့ တွေ့ရတဲ့ အခါမှာတောင် ခြင်္သေ့ခံ ခံပြီးမှ ပြန်ဆုတ်
ခဲ့တဲ့ကောင်ပါ၊ အခုဆို ကျွန်တော့်ရင်ထဲမှာ လေပွေတွေလဲ့လဲ့ပြာ တိုက်ခတ်တယ်
ကိုယ့်ကိုကိုယ် ရွက်ကုန်ဖွင့်ပီး ကျောက်ဆောင်ကြီး ပွင့်လန်သွားအောင် တအား
ဝင်တိုက်ပစ်လိုက်ချင်တယ်…….။
……. မသီတာ ကျွန်တော့်ကို ထားခဲ့ပါ၊
မသီတာသွားလိုရာကို ဆက်သွားပါ၊ ဒါပေမယ့်တစ်မှုန် တစ်ဆစ်ကလေးလောက်ဖြစ်ဖြစ်
ကျွန်တော့်ကို နားလည်ပေးပါလား … ကျွန်တော့်ရဲ့ မသီတာ….။ ။

(၆)
အစကတည်းက အဖေါ်ကင်းမဲ့နေခဲ့ တဲ့ကျွန်တော်ဟာ အခုတော့ မြို့သစ်
ကလေးရဲ့ လကွယ်ညတွေမှာ လမ်းတကာလျှောက်သွားခဲ့ဖူးပါပြီ။
မသီတာကို လွမ်းလွန်းမှ … အရက်ဆိုင်လေး ရဲ့ အမှောင်ထောင့်နားဆီမှာ…
တစ်ယောက်တည်း ရီဝေတိတ်ဆိတ်ရင်း လောကကြီးရဲ့ မာယာတေးသွားကို မကြားတစ်ချက် ….
ကြားတစ်ချက် ဖြစ်နေတတ်တယ်။
……….အချစ်ရဲ့ သဘောသဘာဝ အကြောင်း …. အံခွနေတတ်နဲ့ လူတွေကြားမှာ
အကြိမ်ပေါင်းများစွာ ကျွန်တော် ဟာ အံဝင်ခွင်ကျ လွဲချော်ခဲ့ရဖူးပါတယ် မသီတာ။
ဒါတွေကိုလည်း ပြောပြချင်တာပေါ့မသီတာရယ်၊ မသီတာရဲ့ အားပေးစကားနဲ့ အားလုံးကို
ပြန်လည်တည်ဆောက်ချင်တယ်၊ မသီတာရဲ့ လက်ကလေးကို ကိုင်ပြီး အရာရာကို ရင်ဆိုင်
ချင်တယ်၊ အခုတော့ အဲဒါတွေအားလုံး အိပ်မက်ပေါ့၊ ရက်ရက်စက်စက် ပဲ့ခွက်နဲ့ အခုပ်ခံရတဲ့
အိပ်မက်တွေကိုပဲပိုင်ဆိုင်ခဲ့ရ……..။
ကျွန်တော်တစ်ယေက်တည်း လောကကြီးထဲကို ထိုးခွင်းဝင်ရောက်ဆဲပါ မသီတာ။
တစ်ခါတစ်ခါကျတော့လည်း သရော်ပြုံးလေးနဲ့ ကိုယ့်ရာဇဝင်တစ်စောင်လုံးကို
“ဘုန်း” ခနဲနေအောင် ဆောင့်ကန်ပစ်လိုက်ချင်ပါတယ်။
ကျွန်တော် မပျော်ပါဘူး မသီတာ……
မသီတာကို ချစ်တယ်….
မသီတာကိုလွမ်းတယ်…..
မသီတာကို သတိရတယ်….။
ကျွန်တော် ထုံးဖွဲ့ခဲ့တဲ့လမ်းပါပဲလေ…။ ရောက်မှာ မဟုတ်ဘူးဆိုရင်တောင်
လျှောက်တာတော့လျှောက်ရအုံးမှာပါ။
ကျွန်တော်ရေးခဲ့ဖူးတဲ့ ကဗျာစာပိုဒ်ထဲကလိုပေါ့….
“စိတ်ဓါတ်တွေ ကျဖန်များတော့လည်း ကိုယ့်ကိုကိုယ် ဗလာစာအုပ်လိုဆွဲဖြဲ၊
လွယ်အိတ်ထဲ အုတ်ခဲထည့်လွယ် ခွင့်တွေနဲ့ ကျောင်းတော်မှာ ပြန်ပွင့်ချင်မိတယ်”
အခုတော့ အရာအားလုံး ပြီးဆုံးသွားပါပြီ။
ကျွန်တော့်ရဲ့ မသီတာ အကြွင်းမဲ့ ငြိမ်းချမ်းပါစေ………။
မသီတာရဲ့ ချစ်သူဟာ မသီတာအတွက် ဂါထာမတန်သော ကဗျာ
တစ်ပုဒ် ဖြစ်ပါစေ။ ကျွန်တော်ကတော့ မသီတာကို ချစ်မြဲချစ်နေမယ်၊ ချစ်သထက်ချစ်နေမယ်။
အဲဒီအတွက် ခံစားရမဲ့ ဝေဒနာဟာ ရင်နှင့်မမျှဘူး ဆိုရင်လည်း လမ်းပေါ်မှာ ရင်တစ်ခွင်လုံးဖွင့်
ပြီး…… သတိရခွင့်တွေကို ဖျစ်ညှစ် ဆုပ်ကိုင်ထားဦးမယ်။
…….. စောင့်ကြည့်ပါ မသီတာရယ်….
တနေ့နေ့တော့ မသီတာ ကျွန်တော့်ကို သိလာမှာပါ။
မသီတာကို ကျွန်တောင် ဘယ်လောက်ချစ်တယ်ဆိုတာ ( မသီတာရဲ့ ချစ်သူထက်တောင်
ကျွန်တော်က မသီတာကို ပိုချစ်တယ်ဆိုတာ)
တနေ့နေ့တော့ သိလာမှာပါ……။
(အိပ်မက်ထဲမှာပဲဖြစ်ဖြစ်) ပြန်လည်ဆုံတွေ့ကြရင် မသီတာရဲ့ ဆံနွယ်မျှင်လေးတွေကို သီရီငေး
မောရင်း ပြောပြရဦးမယ့် စကားများစွာ ကျွန်တော့်မှာရှိပါတယ်။
ဗေဒါမှတ်တမ်း၊ ကျမ်းတစ်အုပ်ကိုပိုက်၊ လူမိုက်ကလေးရဲ့ သန်းခေါင်ယံဟာ လရောင်ဖြူကို
ပန်မယ် မသီတာ ….။
နှောင်းခောတ် မှာကျရှုံးသူတွေအတွက၊် ကျွန်တော့် ရင်ဘတ်က၊ ကျောက်စာတစ်ချပ်
ဖြစ်ချင် ဖြစ်သွားပါလိမ့်မယ်။
နောက်ကျောဆီက ရထားဥသြဆွဲသံ …… စူးစူးဝါးဝါး အော်နေတယ်။

(၇)
ကျွန်တော် အိပ်မပျော်ပါဘူး။
မျက်စိဖွင့်ကြည့်ရင် လည်း မြူနှင်းဝေတဲ့ ညကိုပဲ မြင်ရဦးမှာပါ မသီတာရယ်…..။

(ဝန်ခံချက်။ ။ ဆရာ တာယာမင်းဝေ ၏ကိုယ်ရေးကိုယ်တာ စာပိုဒ်တစ်ချို့အား၊ မိမိခံစားချက်များဖြင့် ကိုးကားရေးဖွဲ့ထား ခြင်းဖြစ်ပါသည်။)

5 comments:

Welcome said...

ပို့စ်ကောင်လေးတစ်ပုဒ်ကို ဖတ်လိုက်ရလို့ လာရကြိုးနပ်တယ်။
အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

WWKM said...

ကောင်းလှချည်လား မောင်ငယ်ဂျူဝသန် ရဲ့
ခံစားချက်လေးတွေရော ရောနှောပါ
ဝင်နေလိမ့်မယ်ဆိုတာ မြင်မိပါရဲ့ ။
ပို့စ်ကောင်းလေး တစ်ပုဒ်ပါ မောင်လေးရေ။
လာခေါ်တာကျေးဇူးပါနော်။
ဖတ်ရတာ စိတ်ဝင်စားစရာရော ၊ ၀မ်းနည်းစရာလေးရော
..ရောနှောခံစားလိုက်ရပါတယ်။
အဆင်ပြေပါစေ။

အမ၀ါ

တက်လူငယ် said...

မသီတာကို ဘယ်လို ချစ်ကြောင်း၊ မြတ်နိုးကြောင်း၊ အဖွဲ့အနွဲ့၊ အကွန့်အညွန့်လေးတွေနဲ့ ချစ်တာကိုပဲ ကွေ့ပတ်ဝိုက်ပြီး ရေးထားတာများကတော့ ကောင်းလိုက်ပါဘိဗျာ။ ကြိုက်တယ်။

ခင်မင်လေးစားတဲ့...
တက်လူငယ်...

Dream said...

ကိုရင် ၀သန်တို့များ ချစ်တတ်လိုက်တာ တုန်နေတာပဲ...
(ချမ်းလို့):P :P

သားကြီး said...

စာသားတွေက တိမ်းညွှတ်ယိမ်းကလို့ပါလား
ဖတ်ရတဲ့ကျနော်တောင် ခေါက်ကနဲပစ်ခွေလဲကျ
သွားမလောက်ပဲ